Articles

ဒုတိယအကြိမ်ဓနု အမျိုးသားနေ့ နောင်ချိုမြို့၌ကျင်းပ

နောင်ချို ဒီဇင်ဘာ-၄

288

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ဒီဇင်ဘာ(၄)ရက် နံနက်(၉)နာရီက နောင်ချိုမြို့နယ် အားကစားကွင်း၌ ဒုတိယအကြိမ်မြောက် ဓနုအမျိုးသားနေ့ကျင်းပသည်။

 အခမ်းအနားတွင် ကြိုဆိုပါတယ်ဓနုမြေ သီချင်းဖြင့်ကပြဖျော်ဖြေ၍ သဝဏ်လွှာများဖတ်ကြားကြပြီး၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က အမှာစကားပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဓနုလူမျိုးတို့သည် ရှမ်းပြည်နယ်နှင့် မြန်မာပြည်မကြီးအကြား ဒေသများတွင်အများဆုံးနေထိုင်ပြီး၊ မန္တလေးတိုင်းအတွင်းရှိမြို့များ၊ ကျောက်နီတွင်းဒေသ၊ ပြင်ဦးလွင်၊ မိုးကုတ်၊ ရှမ်းပြည်နယ်ရှိမိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ ရပ်စောက်၊  ပင်းတယ၊ ပွေးလှ၊ ရွာငံ၊ အောင်ပန်း၊ ပင်မှီ၊ ဘော်နင်း၊ သာမိုင်းခမ်း၊ ကလော၊ တောင်ကြီး၊ ညောင်ရွှေ၊ ဟဲ ဟိုး၊ လုံးပိုး၊ တီကျစ်၊ ပင်လောင်းမှစ၍ ပျဉ်းမနားအရှေ့ဘက် ပေါင်းလောင်းမြစ်ရိုးတစ်လျှောက်အထိ ရှည်လျားသော ရှမ်းကုန်းပြင်မြင့် အနောက်ဘက် တောင်တန်းကြားကွင်းပြင်များ၌ အနှံ့အပြားနေထိုင်လျှက်ရှိကြောင်း လေ့လာ တွေ့ရှိရပြီး၊ ၂၀၁၂ခု နှစ်သန်းခေါင်စာရင်းအရ ရှမ်းပြည်နယ်တွင်နေထိုင်သည့် လူမျိုးမှတ်တမ်းတွင် နေထိုင်မှု အများဆုံး  ရှမ်း၊ ဒုတိယ ပအိုဝ်း၊ တတိယ ဗမာ၊ စတုတ္ထ ဓနုဖြစ်ပြီး၊ မြန်မာနိုင်ငံတိုင်းရင်းသား လူမျိုးများအနက် ဓနုတိုင်းရင်းသားလူမျိုးများသည် လူဦးရေအများဆုံး အမှတ်စဉ်(၁၀)တွင်တည်ရှိသဖြင့် လူမျိုးကြီးစားရင်းတွင် ပါဝင်ကြောင်း၊ ဓနုတိုင်းရင်းသားလူမျိုးများသည် မြန်မာနိုင်ငံအတွင်း ရှေးဘိုးဘွားဘီဘင် လက်ထက်ကတည်းက နေထိုင်သည့် မူရင်းဒေသဇာတိချက်ကြွေ မွေးရပ်မြေရှိသည့် လူမျိုးဖြစ်ပြီး၊ နီးစပ်ရာလူမျိုးတို့၏ ဘာသာစကား မဟုတ်ဘဲကိုယ်ပိုင်ဘာသာစကားရှိသည့် ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့ထုံးတမ်းရှိ လူမျိုးဖြစ်သည်ကို တွေ့ရှိပါကြောင်း၊ ဓနုအမျိုးသားနေ့အခမ်းအနားကို ဓနုတိုင်းရင်းသားပျံ့နှံ့နေထိုင်သည့်မြို့များတွင် အလှည့်ကျကျင်းပ၍ ပထမအကြိမ် ရွာငံမြို့တွင်ကျင်းပပြီး၊ ဒုတိယအကြိမ်အဖြစ် ယနေ့နောင်ချိုမြို့နယ်တွင် ကျင်းပနိုင်ခဲ့သည့်အတွက် ဓနုတိုင်းရင်းသားများကိုယ်စား ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းပြောကြားသွားသည်။

 ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသောအလှူငွေကျပ်သိန်း(၅၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပေးအပ်ရာတာဝန်ရှိသူတစ်ဦးမှလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြောင်း သိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ငွေရည်ပုလဲဘိလပ်မြေစက်ရုံ ကွင်းဆင်းကြည့်ရှု

နောင်ချို ဒီဇင်ဘာ   -   ၃

287

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် နောင်ချိုမြို့နယ် လုံရုံးကျေးရွာအုပ်စု လောက်ဖန်းကျေးရွာရှိ ငွေရည်ပုလဲ ဘိလပ်မြေကုမ္ပဏီစက်ရုံသို့ ဒီဇင်ဘာ(၃)ရက် မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သွားရောက်ကွင်းဆင်း ကြည့်ရှုကြကြောင်း သိရသည်။

ငွေရည်ပုလဲဘိလပ်မြေကုမ္ပဏီဒါရိုက်တာဦးစိန်မျိုးအောင်က ဘိလပ်မြေထုတ်လုပ်မှုနှင့်ပတ်သက်၍ရှင်းလင်းရာ ဒေသခံ ပြည်သူများအတွက် အကျိုးပြုလုပ်ငန်းများဖြစ်သော ပညာရေး၊ ကျန်းမာရေးလမ်းတံတားအလှူအဒါန်းကိစ္စရပ်များရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘိလပ်မြေထုတ်လုပ်ထိန်းချုပ်မှုခန်းမ ကျောက်မီးသွေးစက်ရုံမှ ထွက်ရှိလာသော လျှပ်စစ်ဓါတ်အားဖြန့်ဝေပေးသည့် လျှပ်စစ်ဓါတ်အားထိန်းချုပ်မှုအခန်းနှင့် သကြားစက်ရုံတန်ချိန် (၁၂၀၀၀)ကြိတ်ဝါးမည့် အမှတ်(၃) သကြားစက်တည်ဆောက်မည့်နေရာသို့ သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းကြောင်းသိရသည်။

အဆိုပါ ငွေရည်ပုလဲဘိလပ်မြေကုမ္ပဏီမှ (၁)ရက်ဘိလပ်မြေမှာ တန်ချိန်(၁၀၀၀)+(၄၀၀၀)ကျCrownဘိလပ်မြေတံဆိပ်ဖြင့် (၄၂.၅)နှင့်(၅၂.၅)နှစ်မျိုး ထုတ်လုပ်လျက်ရှိပြီး ကျောက်မီးသွေးသုံးဘွိုင်လာတာဘိုင်ဖြင့် လျှပ်စစ်(60-MWD)ထုတ်လုပ်ပေး၍ အနီးရှိရွာများကို လျှစ်စစ်ဓါတ်အား ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09 250132943

 

ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကျင်းပ

တောင်ကြီး ဒီဇင်ဘာ   -   ၂

286

မြန်မာနိုင်ငံအနေဖြင့် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါကြောင့် သေဆုံးသွားသူများကို အမှတ်ရစေရန် ကျန်းမာရေး ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အိပ်ချ်အိုင်ဗွီပိုးရှိသူများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက နိုးကြားတက်ကြွသောစိတ်ဓါတ်များနှင့် ပူးပေါင်းပါဝင်ပြီး ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ လုံးဝကင်းစင်ပပျောက်သွားသည်အထိ ကြိုးပမ်းဆောင်ရွက်သွားရန်ဆိုသည့် ရည်ရွယ်ချက် များဖြင့် ၂၀၁၉ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကို ဒီဇင်ဘာ(၁)ရက် နံနက်(၉)နာရီ ကတောင်ကြီးမြို့ မြို့တော်ခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကမ္ဘာခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက် ရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် “Communities make the difference” “အေအိုင်ဒီအက်စ်ရောဂါ ကင်းဝေးရေးလူထု အားလုံးပါဝင်ပေး” နှင့်အညီ အိပ်ချ်အိုင်ဗွီကူးစက်မှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများတွင် သက်တူရွယ်တူ ကျန်းမာစောင့်ရှောက်မှုပေးသူများ၊ ကွန်ယက်အဖွဲ့များ၊ ဦးတည်အုပ်စုဝင်များ၊ အမျိုးသမီး၊ လူငယ်၊ လူထုကျန်းမာရေးလုပ်သား များ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ အိပ်ချ်အိုင်ဗွီအရေးတက်ကြွလှုပ်ရှားသူများအစရှိသော လူထုအားလုံးပါဝင်ပြီး လူတိုင်း အတွက် စံချိန်စံညွှန်းကိုက်ညီသော အရည်အသွေးမီ ကျန်းမာရေးဝန်ဆောင်မှုများကို ရရှိခံစားစေရန်နှင့် အိပ်ချ်အိုင်ဗွီကူးစက်မှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ပိုမိုတိုးမြှင့်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသွားသည်။

ဆက်လက်၍ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်က အမျိုးသားခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်ဆိုင်ရာလုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး၊ ပြည်နယ်ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမင်းယုအောင်က ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းဆောင်ရွက် ခဲ့သော ခုခံကျကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်လုပ်ငန်းများအား ရှင်းလင်းတင်ပြကာ ခန်းမအပြင်ဘက်တွင် ပြသထား သောပြခန်းများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများအား ရှင်းလင်းလိုက်လံ ပြသကြည့်ရှုကြကြောင်း သိရရှိသည်။

မောင်မောင်သန်း(တောင်ကြီး)

09 250132943

 

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကျင်းပ

တောင်ကြီး    နိုဝင်ဘာ   -   ၃၀

285
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူ များကအပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကာတွန်းပန်းချီယှဉ်ပြိုင်နေကြ သောအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေသည့် ကျောင်းသား/ သူများအား ကြည့်ရှူအားပေးကြသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကာတွန်းပန်းချီပြိုင်ပွဲ အထက်တန်းအဆင့်တွင်(၄၁)ဦး၊ အလယ်တန်းအဆင့်တွင်(၄၀)ဦး၊ မူလတန်းအဆင့်တွင်(၃၂)ဦး၊ စုစုပေါင်း(၁၁၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၉)ရက်နေ့ ကျရောက်သော အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်၌ ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သရုပ်ဖော်တင်ဆက် ကြသည့် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်များဖြစ်ကြသော အလက(၁၄)၊ အထက(၅)၊ အထက(၁)၊ အထက(၄) နှင့်မဟော်သဓာအကယ်ဒမီ(ကိုယ်ပိုင်အထက)ကျောင်းမှ ကျောင်းသား/သူများက ကဗျာနှင့်တေးသရုပ်ဖော်ပြိုင်ပွဲ တွင် “မောင်တို့မယ်တို့သာယာရေး”ခေါင်းစဉ်နှင့် “ဤလေးဖြာ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဖျော်ဖြေတင်ဆက်ကြရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09 250132943

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 68 guests and no members online

Latest Updates