Articles

မသန်စွမ်းမှုဆိုင်ရာ ဆွေးနွေးပွဲနှင့် အသိပညာပေးသင်တန်းများ ဖွင့်ပွဲကျင်းပ

တောင်ကြီး အောက်တိုဘာ   −   ၂၁

250
 လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ရွှေမင်းသား ဖောင်ဒေးရှင်း(မြန်မာ) တို့ပူးပေါင်းကျင်းပသော တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် ကောက်ယူထားရှိသော မသန်စွမ်းသူများ ဆိုင်ရာသတင်းအချက်အလက်ကို ကွင်းဆင်းလေ့လာ၍ ပြန်လည်မှတ်တမ်းတင်ခြင်း၊ အစီရင်ခံစာများပြုစုတင်ပြခြင်း၊ လုပ်ငန်း များဆောင်ရွက်ရန်ဆွေးနွေးပွဲ၊ မသန်စွမ်းမှုဆိုင်ရာ ဆွေးနွေးပွဲနှင့် အသိပညာပေးပြိုင်ပွဲများဖွင့်ပွဲကို အောက်တိုဘာ(၂၁)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့ စိန်ဂျိုးဇက် အောက်မေ့ဘွယ်ဓမ္မာရုံ၌ကျင်းပသည်။
 ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မသန်စွမ်းအခွင့်အရေးများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် မသန်စွမ်းသူအခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ဒုတိယသမ္မတ ဟင်နရီ ဗန်ထီးယူက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး စုစုပေါင်းအဖွဲ့ဝင်(၅၅)ဦးဖြင့် ၂၀၁၇ခုနှစ် ဒီဇင်ဘာလတွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ်များတွင်လည်း မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီများကို သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များက ဥက္ကဋ္ဌအဖြစ်တာဝန်ယူလျက် ၂၀၁၈ခုနှစ် စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည်နယ် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာကော်မတီအား အဖွဲ့ဝင်(၁၉)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ မသန်စွမ်းသူများကလည်း မသန်စွမ်းသူအသင်းအဖွဲ့များတွင် ဦးဆောင်ပါဝင်လျက် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်အား ၂၀၁၆ခုနှစ် မတ်လတွင် ရွေးကောက်ဖွဲ့စည်းခဲ့ပါကြောင်း၊ ၂၀၁၉ခုနှစ် သြဂုတ်လ(၉)ရက်နေ့တွင် ရှမ်းပြည်နယ် မသန်စွမ်းသူများအသင်းအား မဲစနစ်ဖြင့် ရွေးချယ်ကာ အဖွဲ့ဝင်(၁၈)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ကော်မတီများကတစ်ဆင့် လူတိုင်းအကျုံးဝင်ဖွံ့ဖြိုးတိုးတက်မှု မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် အခွင့်အရေးများကို ပြည့်မီလာစေရန် ဆောင်ရွက် ပေးနိုင်မှာဖြစ်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များဆိုင်ရာ ၂၀၃၀ အစီအစဉ်၏ ကတိပြုထားရှိသော မည်သူမှနောက်ကျမကျန်ရစ် စေရေးမူနှင့်အညီ တိုင်းရင်းသားလူမျိုးမသန်စွမ်းသူများ လူနည်းစုမသန်စွမ်းသူများအတွက်ပါ ထည့်သွင်းစဉ်းစားဆောင်ရွက်သွား ရမှာဖြစ်ကြောင်း ပြောကြားသွားသည်။
 ဆက်လက်၍ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)ဥက္ကဋ္ဌ ဦးမြတ်သူဝင်းမှ မသန်စွမ်းမှုဆိုင်ရာ အသိပညာပေးသင်တန်းများ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အားပြောကြားပြီး၊ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)၏ လုပ်ငန်းဆောင်ရွက်နေမှုအား အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကောင်းထက်သာမှ ရှင်းလင်းတင်ပြကာ “နှလုံးသားထက်မြက်သူ” မှတ်တမ်းတင်ဗီဒီယိုခွေပြသ၍ ရွှေမင်းသား ဖောင်ဒေးရှင်း(မြန်မာ)ဥက္ကဋ္ဌ ဦးမြတ်သူဝင်းမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်အား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09250132943

(၂၁)ကြိမ်မြောက် ကမ္ဗောဇသာမဏေ‌ကျော်စာမေးပွဲကျင်းပ

တောင်ကြီး အောက်တိုဘာ   -   ၂၀

249

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ အတုလမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရား မြို့လယ်ဓမ္မာရုံ၌ အောက်တိုဘာ (၂၀)ရက် နံနက်(၉)နာရီက (၂၁)ကြိမ်မြောက် ကမ္ဗောဇသာမဏေကျော်စာမေးပွဲ ကျင်းပကြောင်းသိရသည်။

အခမ်းအနားကို ဆရာတော်သံဃာတော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ် ဝန်ကြီးများနှင့် ဧည့်ပရိတ်သတ်တို့မှ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒစရိယ ကမ္ဗောဇသာမဏေကျော်စာမေးပွဲ ကျင်းပရေးအဖွဲ့၏ ဩဝါဒစရိယအဂ္ဂမဟာပဏ္ဍိတမဟာကမ္မဌာနစရိယ စွန်းလွန်းကျောင်းတိုက် ဦးစီးပဓာန မဟာနာယကဘဒ္ဒန္တအဂ္ဂဓမ္မဘိဝံသအရှင်သူမြတ်ထံမှ ငါးပါးသီလ ဆောက်တည်ကြသည်။

ဆက်လက်၍ မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစွန်ကြိုင်က (၂၁)ကြိမ်မြောက် ကမ္ဗောဇသာမဏေကျော်စာမေးပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ တင်ပြလျှောက်ထားပြီး အာဂုံနှုတ်ဖြေစာမေးပွဲကျင်းပနိုင်ရန် အာဂုံနှုတ်ဖြေရှင်သာမဏေများနှင့် ကပ္ပိယကာရကလူကြီးများမှ နေရာယူပြီး ပုစ္ဆကဆရာတော်ကြီးများက ဓမ္မသနပလ္လင်နေရာသို့ ကြွရောက်သီတင်းသုံးတော်မူ၍ မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့ဝင်ဦးသိန်းစိုးက အောင်ပလ္လင်ဖွင့်ဂါထာတော်ဖြင့် အာဂုံ‌ဖြေရှင်သာမဏေများကို ဓမ္မသနပလ္လင် ပေါ်သို့ပင့်ဆောင်ကာ တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိစာသင်တိုက် စာချဆရာတော်ဘဒ္ဒန္တဉာဏဝံသလင်္ကာရက သာမဏေ ကျော်လောင်းလျာများအား ထီးဖြူတော်ဖွင့်ဂါထာတော်ဖြင့် ပူဇော်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက ကနက္တဒဏ်ထီးဖြူတော်များဖွင့်လှစ်ကာ အမွှေးနံ့သာဖြင့် ပက်ဖြန်းပူဇော်ပေး ကြသည်။

ထို့နောက် အလှူငွေများ ပေးအပ်လှူဒါန်းရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော အလှူငွေကျပ်သိန်း(၁၀၀)ကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် ပေးအပ်၍လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှလှူဒါန်းသော အလှူငွေကျပ် (၁၀)သိန်းကို တိုင်းမှူးမှပေးအပ်လှူဒါန်းပေးရာ မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစွန်ကြိုင်မှလက်ခံရယူပြီး အာဂုံနှုတ်မေးခွန်းများ ဖြေဆိုတော်မူ၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။

အဆိုပါ (၂၁)ကြိမ်မြောက် ကမ္ဗောဇသာမဏေကျော်စာမေးပွဲတွင် ပထမအဆင့်(၅၃၄)ပါး၊ ဒုတိယအဆင့်(၂၈၀)ပါး၊ တတိယအဆင့်(၁၅၂)ပါး၊ စုစုပေါင်း(၉၆၆)ပါးသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှလာရောက်ဖြေဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ်ပေးကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

 

တောင်ကြီးမြို့၌‌‌ရွေပါရမီစာကြည့်တိုက်ဖွင့်လှစ်

တောင်ကြီး အောက်တိုဘာ   -   ၁၉

248

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ အမှတ်(၁၁)အခြေခံပညာအလယ်တန်းကျောင်းတွင် အောက်တိုဘာ(၁၉) ရက် နံနက်(၁၀)နာရီက ဆရာတော်အရှင်ဆန္ဒာဓိကမှ ငွေကျပ်(၁၀၈)သိန်းမတည်လှူဒါန်းသော ရွေပါရမီစာကြည့်တိုက် ဖွင့်လှစ် ကြောင်းသိရသည်။

ဆက်လက်၍ တောင်ကြီးမြို့ အောင်မြင်ဘုံစံကျောင်းမှ ဆရာတော်ဉူးခေမာနန္ဒမှ အဖွင့်ဩဝါဒစကားမြွက်ကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ယခုစာကြည့်တိုက်ဖွင့်လှစ်သော အဆောက်အဦမှာ (၁၉၀၅)ခုနှစ် သူဌေးဦးဖိုးကူက လှူဒါန်းခဲ့သော အဆောက်အဦဖြစ်ပြီး ၁၉၃၆-၁၉၃၇ခုနှစ်တွင် ဆရာအတတ်သင်ကျောင်း (ETC)ကျောင်းအဖြစ် အသုံးပြုခဲ့ကြောင်းသိရှိပြီး အမှတ်(၁၁)အ‌ခြေခံပညာအလယ်တန်းကျောင်းအား (၁၉၄၅)ခုနှစ်တွင် အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၊ (၁၉၈၆)ခုနှစ်တွင် ကျောင်းအဆင့်တိုးမြင့်ပြီး အမှတ်(၁၁)ရွေပါရမီစာကြည့်တိုက် ဖွင့်လှစ်ရန်အတွက် ဆရာတော်အရှင်ဆန္ဒာဓိကမှ ငွေကျပ်(၁၀၈)သိန်း မတည်လှူဒါန်းခဲ့ပြီး အလှူရှင်ကိုဌေး(စင်ဒရဲလားဆိုင်)မှ ငွေကျပ်သိန်း(၂၀)၊ ကျောင်းသား/သူဟောင်းများမှ ငွေကျပ်သိန်း(၄၀)၊ စုစုပေါင်းငွေကျပ်(၁၆၈)သိန်းဖြင့် မတည်ဆောင်ရွက်ခဲ့ သဖြင့် ရွေပါရမီစာကြည့်တိုက် ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် အထူးဝမ်းမြောက်ပီတိဖြစ်မိပါကြောင်း ပြောကြားသွားသည်။

ထို့နောက် အမှတ်(၁၁)ကျောင်း ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကား‌ပြောကြားပြီး ကျောင်းသားကျောင်းသူ ဟောင်းများက စာကြည့်တိုက်ဖြစ်ပေါ်လာပုံနှင့် ရွေပါရမီစာကြည့်တိုက်အတွက် ဝမ်းသာပီတိစကားများ ပြောကြားကြသည်။

၎င်းနောက် ဆရာတော်အရှင်ဆန္ဒဓိကမှ ရွေပါရမီစာကြည့်တိုက်အကြောင်းနှင့် စာဖတ်ခြင်း အကျိုးကျေးဇူးများကို ရှင်းလင်းပြီး အလှူငွေများ ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ်(၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ပေးအပ်လှူဒါန်းပေးခြင်း၊ ရှမ်းပြည်နယ်အမျိုးသမီး‌ရေးရာအဖွဲ့မှ အလှူ‌ငွေကျပ်(၁)သိန်းကို နာယက ဒေါ်နန်းရွေမြင့်နှင့် အဖွဲ့ဝင်များက ပေးအပ်လှူဒါန်းပေးကြရာ အလက(၁၁) ကျောင်းသားဟောင်းမှ လက်ခံရယူပြီး စာကြည့်တိုက်ခန်းမအတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

 

ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့(World Stroke Day)အထိမ်းအမှတ်ကျင်းပ

တောင်ကြီး အောက်တိုဘာ-၁၉

247

ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့(Word Stroke Day)အထိမ်းအမှတ်ကို အောက်တိုဘာ(၁၉)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လေဖြတ်ရောဂါသည် မြန်မာနိုင်ငံမှာသာမက ကမ္ဘာတစ်ဝှမ်း မှာပါ ဖြစ်ပွားမှုနှုန်း များပြားလာ‌နေသည်ကို‌ တွေ့ရှိရပြီး‌ လေဖြတ်‌ရောဂါ‌ကြောင့် လူမှုဘဝများနှင့် စီးပွား‌ရေးများ ထိခိုက်နစ်နာမှု များပြားသည့်အတွက် လေဖြတ်ရောဂါကိုကာကွယ်ဖို့ရာ အထူးအလေးပေးဆောင်ရွက်ရန် လိုအပ် လျက်ရှိပါသောကြောင့် ကမ္ဘာ့‌လေဖြတ်ရောဂါကာကွယ်ရေးနေ့(World Stroke Day)အထိမ်းအမှတ်အနေဖြင့် ရှမ်းပြည်နယ်တွင် ပထမဆုံးလာရောက်ကျင်းပသည့် အခမ်းအနားဖြစ်ကြောင်း၊ လေဖြတ်ရောဂါကို ပြည်သူများ သတိပြုလာကြရန်နှင့် ကာကွယ်နိုင်စေရန် အချိန်မီထိထိရောက်ရောက် ကုသမှုခံယူနိုင်စေရန်အတွက် အောက်တိုဘာလ (၂၉)ရက်နေ့ကို ကမ္ဘာ့လေဖြတ်ရောဂါ ကာကွယ်‌ရေးနေ့အဖြစ် ကမ္ဘာ့ လေဖြတ်‌ရောဂါကာကွယ်‌ရေးအဖွဲ့(World Stroke Organization)မှသတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပလေ့ရှိ ကြောင်း၊ ယခုနှစ်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ကျင်းပခွင့်ရသည့်အတွက် ဒေသတွင်းနေ ပြည်သူများအတွက် လေဖြတ်ရောဂါနှင့်ပတ်သက်သော အသိပညာများရရှိပြီး အကျိုးရှိစေမှာဖြစ်၍ လေဖြတ်ရောဂါ၏ ၈၀ရာခိုင်နှုန်းသည် ကာကွယ်လို့ရနိုင်ကြောင်း၊ လေဖြတ်ရောဂါဖြစ်ပွားစေသည့် အခြေခံအ‌ကြောင်းအရင်းများစွာကို ရှာဖွေကုသခြင်း၊ ကျန်းမာရေးနှင့်မညီညွှတ်သော နေထိုင်စားသောက်မှုပုံစံများကို‌ ပြောင်းလဲခြင်းများဖြင့် လေဖြတ်ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ပါကြောင်း၊ လေဖြတ်ရောဂါဖြစ်ပွားခြင်းသော်လည်း ယနေ့ခေတ်တွင် စနစ်တကျ ဆေးကုသမှုခံယူ ခြင်းဖြင့် လေဖြတ်ရောဂါလူနာများသည် မိမိဘဝလူမှုအသိုင်းအဝိုင်းတွင် ပြန်လည်ရှင်သန်ခွင့်ရှိနိုင်ကြောင်း ပြောကြား သွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်မှ အမှာစကား‌ ပြောကြားပြီး မြန်မာနိုင်ငံဆရာဝန်အသင်း ဦးနှောက်နှင့်အာရုံကြောရောဂါ ပညာဆိုင်ရာအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဝင်းမင်းသစ်မှ ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့ ကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းကြောင်းသိရ သည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

koe-kantရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံ၊ ကုန်းကြမ်း၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 57 guests and no members online