Articles

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ လုပ်ငန်းစဉ်များနှင့် ဖြစ်ပေါ်တိုးတက်မှုများအား ရှင်းလင်းတင်ပြခြင်း

တောင်ကြီး ဇန်နဝါရီ - ၂၁

15

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများသို့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ လုပ်ငန်းစဉ် များနှင့် ဖြစ်ပေါ်တိုးတက်မှုများအား လာရောက်ရှင်းလင်းတင်ပြခြင်းကို ဇန်နဝါရီ ၂၀ ညနေ ၃ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဌ အနေဖြင့် ကောင်စီ၏လုပ်ငန်းဆောင်ရွက်မှုများ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို လာရောက်ရှင်းပြသည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဝမ်းမြောက်ကြိုဆိုပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်လာမှုအတွက် တည်ဆောက် ရေးများနှင့် အင်ဂျင်နီယာများ၏အခန်းကဏ္ဍသည် အလွန်အရေးပါအရာရောက်သည့် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေမှုကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ အလုပ်လုပ်ကိုင်ရာတွင် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မိမိတက်ကျွမ်း ထားသည့် အင်ဂျင်နီယာပညာရပ်များကို လက်တွေ့ဆောင်ရွက်ရာတွင် အသုံးဝင်အကျိုးရှိစေမည့် လက်တွေ့ပညာရပ်နှင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဌ ရှင်းလင်းပြောကြားမည့် အင်ဂျင်နီယာများ၏ အခန်းကဏ္ဍ၊ တာဝန်၊ ဝတ္တရား၊ တတ်ကျွမ်းမှု၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ်သိက္ခာများကို သေချာစွာနာယူမှတ်သားပြီး လက်တွေ့ဆောင်ရွက်သည့်အခါတွင် တိကျစွာလိုက်နာကျင့်သုံးရန် လိုအပ်သလို တည်ဆောက်ရေးလုပ်ငန်းများနှင့် ဆက်စပ်ပတ်သက်နေသောဌာနများ၊ အဖွဲ့အစည်းများ၊ တာဝန်ရှိသူများ အနေဖြင့် သိရှိထားရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်အတွင်း တာဝန်ယူဆောင်ရွက်နေကြသည့် အင်ဂျင်နီယာများ နှင့် တက်ရောက်လာကြသည့် တာဝန်ရှိသူများ၊ သိသင့်သိထိုက်သည့်အချက်အလက်များနှင့်အတူ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ကြရန် ပြောကြားသွားသည်။

ဆက်လက်၍ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဌ ဒေါက်တာ ချာလီသန်းမှ ရှင်းလင်းတင်ပြပြီး တက်ရောက်လာ သူများမှ သိရှိလိုသည်များကို မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်းဆောင်ရွက်ကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က နိဂုံးချုပ်အမှာစကားပြောကြား၍ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဌမှ ပြည်နယ်ဝန်ကြီးချုပ်ထံ အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

တောင်ကြီး ဇန်နဝါရီ - ၂၁

14

၂၀၂၀ ပြည့်နှစ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၀ ရက် မွန်းလွဲ ၂ နာရီက ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပသည်။

တောင်ကြီးမြို့ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ထမနဲထိုးခြင်းကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၁နာရီတွင် ရှမ်းပြည်နယ်အစိုးရရုံးဟောင်းနေရာ၌ ကျင်းပသွား မည်ဖြစ်ပြီး ယခုနှစ်တွင် ပြိုင်ပွဲအဖြစ် ကျင်းပခြင်းမဟုတ်ဘဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လမ်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ တက္ကသိုလ်၊ လျှပ်စစ်နှင့်စွမ်းအင်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကောလိပ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးမှူးရုံး၊ စည်ပင်သာယာရေးဌာနစသည့် ဌာနများမှ စုပေါင်း၍ ထမနဲထိုးပြီး ဘုန်းကြီးကျောင်းများအား ထမနဲကို ဆက်ကပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီများ ဖွဲ့စည်းမှုနှင့် လုပ်ငန်း တာဝန်များ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသော လုပ်ငန်းကော်မတီ(၁၀)ခုမှ ဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးကြကာ တောင်ကြီးမြို့ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

(၇၃)နှစ်မြောက်ပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၁၇

12

၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ (၁၇)ရက်  နံနက် (၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထဋ်က (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့နယ်ရှိ ပင်လုံကျောက်တိုင်ကွင်း၌ ကျင်းပသွားမည် ဖြစ်ကြောင်း၊ လူထုတွေ့ဆုံပွဲ၊ မီးပုံပွဲနှင့် ညစာစားပွဲများကို ကျင်းပသွားမည်ဖြစ်သောကြောင့် လုပ်ငန်းကော်မတီများမှ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ ဆွေးနွေးတင်ပြပြီး၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ ရှင်းလင်းဆွေးနွေးကာ လုပ်ငန်းကော်မတီအလိုက် တင်ပြဆွေးနွေးရာ အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ အားကစား နှင့် ပျော်ပွဲရွှင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ စစ်ရေးပြလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး လုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ သတင်းမှတ်တမ်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ ညစာစားပွဲ နှင့် ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ ဖျော်ဖြေရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေကြီးကြပ်ရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီ အသီးအသီးတို့မှ ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ညောင်ရွှေအကျဉ်းထောင်ရှိ အကျဉ်းသား/အကျဉ်းသူများအား အာဟာရပစ္စည်းများ ထောက်ပံ့ပေးအပ်

တောင်ကြီး ဇန်နဝါရီ - ၁၇

13

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်ရှိ အကျဉ်းဦးစီးဌာန ညောင်ရွှေအကျဉ်းထောင်၌ အကျဉ်းသား/သူ များအား ဇန်နဝါရီ ၁၇ ရက် နံနက် ၈ နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူ များနှင့်အတူ အကျဉ်းသား/သူများအား အာဟာရပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အကျဉ်းဦးစီးဌာန ညောင်ရွှေအကျဉ်းထောင်၌ အကျဉ်းသား/သူ များအား နှုတ်ခွန်းဆက်စကားပြောကြားရာ  မိမိတို့ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ယခုလိုလာရောက်ရခြင်းသည် ကမ္ဘောဇဘဏ်တည်ထောင်သူ နာယက ဝဏ္ဏကျော်ထင်စည်သူ ဦးအောင်ကိုဝင်းအား ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံတော်အစိုးရမှ သရေစည်သူဘွဲ့ကို ဂုဏ်ပြုချီးမြှင့်ခြင်းခံရသည့်အတွက် ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်အစိုးရဖွဲ့နှင့် ပူးပေါင်း၍ ညောင်ရွှေ အကျဉ်းထောင်၏ အကျဉ်းသား/သူများ၏ ဆန္ဒအရ ကြာဇံကြော်နှင့် ငါးခြောက်ကြော်တို့ကို လာရောက်လှူဒါန်းပေးအပ်ခြင်း ဖြစ်ကြောင်းနှင့် အားလုံးအတွက် ဆုတောင်းမေတ္တာပို့သပေးကြရန် ပြောကြားသည်။

ဆက်လက်၍ ပြည်နယ် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူ များတို့မှ ညောင်ရွှေအကျဉ်းထောင်ရှိ အကျဉ်းသား (၃၀၈၂)ဦး၊ အကျဉ်းသူ(၃၆၃)ဦးတို့အား ကြာဇံကြော်နှင့်ငါးခြောက်ကြော်တို့ကို ဝေငှပေးခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 74 guests and no members online

Latest Updates